“သမိုင်းထဲက ပစ္စုပ္ပန်” “မြန်မာ့အရေး တရုတ်နဲ့ရုရှားကြောင့် နှောင့်နှေး”

~~~ ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ) ■ စက်တင်ဘာလ ၁၃ ရက်ကနေ ၂၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ အထွေထွေညီလာခံကျင်းပနေပြီး ကမ္ဘာအရပ်ရပ်က သမ္မတ၊ ဝန်ကြီးချုပ်နဲ့ နိုင်ငံ့ခေါင်းဆောင်ပေါင်း ၁၅၀ လောက် တက်ရောက်နေပါတယ်။ ဒီအချိန်မှာပဲ ကုလသမဂ္ဂရဲ့သြဇာအာဏာအရှိဆုံးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကလည်း မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့က တံခါးပိတ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြ ပါတယ်။ ဒါဟာ မြန်မာနဲ့ပတ်သက်လို့ အခုနှစ်အတွင်းမှာ လုံခြုံရေးကောင်စီရဲ့တတိယအကြိမ်မြောက် အစည်းအဝေးလည်းဖြစ်ပါတယ်။ အဲဒီတံခါးပိတ်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စ နိုလင်းဟေဇာက သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။ အဲဒီနေ့က တံခါးပိတ်အစည်းအဝေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ ဗြိတိန်နိုင်ငံက အဆိုပြုတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှု အားလုံးရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေ ပါဝင်တဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဖို့ကြိုးစားခဲ့ပေမယ့် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောတူညီမှုမရတဲ့အတွက် မထုတ်ပြန် နိုင်ခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အတိတ်ကို ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်တပ်ရဲ့ ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာတိုင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တင်ပြတာတွေကို နားထောင်ပြီး၊ တရုတ်နဲ့ ရုရှားရဲ့ ကန့်ကွက်မှုတွေကြောင့် တရားဝင်ကြေညာချက် ထုတ်ပြန်နိုင်ခြင်းမရှိဘဲ အဆုံးသတ်သွားတဲ့ အခြေအနေတွေကို တွေ့နိုင်ပါတယ်။ အခုမြင်ရတာကတော့ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး မြင်ကွင်းဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးလို့ ကမ္ဘာကျော်သွားတဲ့ ၊ သံဃာတော်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ပစ်ခတ်ပြီး အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီနေ့ကအစည်းအဝေးမှာ အမေရိကန်ဦးဆောင်တဲ့နိုင်ငံတွေက မြန်မာစစ်အစိုးရကို အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုတွေချမှတ်ပြီး တုံ့ပြန်ဖို့အဆိုပြုခဲ့ပေမယ့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်က မြန်မာနိုင်ငံအရေးကိစ္စဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို ထိခိုက်တဲ့ အခြေအနေ မရှိတဲ့အတွက် အရေးယူဖို့မလိုကြောင်း ပြောကြားပြီး ကန့်ကွက်ခဲ့တာ တွေ့နိုင်ပါတယ်။ အဲဒီအချိန်က နအဖစစ်အစိုးရရဲ့ကုလသမဂ္ဂဆိုင်ရာသံအမတ် ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံမှာ အလွန်ပြင်းထန်တဲ့ စိန်ခေါ်မှုအချို့ ကြုံခဲ့ရတာသာ ဖြစ်ပြီး အခုပုံမှန်အခြေအနေကို ပြန်ရောက်နေ တဲ့အကြောင်း၊ ဖမ်းဆီးထားသူအချို့ကိုလည်း ပြန်လွှတ်ပေးနေသလို သူတို့အစိုးရအနေနဲ့ မစ္စတာ ဂမ်ဘာရီ ဦးဆောင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တဲ့ အကြောင်း ပြောကြားပြီး လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံကို အရေးမယူဖို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ဆောင်ရွက်ချက်တွေ နှောင့်နှေးနေတာဟာ တရုတ်နဲ့ ရုရှားကြောင့် ဆိုတာ အဓိကထောက်ပြဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က သုံးသပ်ပါတယ်။ “ကုလသမဂ္ဂလို့ ပြောလိုက်ရင် လုံခြုံရေးကောင်စီနဲ့ အခြားအေဂျင်စီတွေကို ခွဲပြီး မြင်ဖို့ လိုပါတယ်။ UNHCR တို့၊ UNDP တို့လို အခြားအေဂျင်စီအဖွဲ့အစည်းတွေက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ ဒီအဖွဲ့တွေက စစ်ကောင်စီရဲ့ တရားဝင် ဖြစ်မှုကို အဆုံး အဖြတ်ပေးခွင့် မရှိပါဘူး။ တကယ် အရေးကြီးတဲ့ အဆုံးအဖြတ်ကို အဖွဲ့ဝင် ဆယ်နိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ချမှတ်ပါတယ်။ NUG ကို လက်ခံ အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ချက်ကို မချမှတ်နိုင်အောင် တရုတ်၊ ရုရှားနဲ့အခြားနိုင်ငံအချို့က ကန့်ကွက်ပြီး၊ တားဆီး နေပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးနဲ့ အေဂျင်စီတွေကြောင့် နှောင့်နှေးနေတာ မဟုတ်ပါဘူး။ ဒီတော့ မြန်မာ့အရေးအတွက်ဝေဖန်မယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ကြီး တစ်ခုလုံးကို ဝေဖန်မယ့်အစား၊ တားဆီးနေတဲ့ တရုတ်နဲ့ရုရှားကိုပဲ ပစ်မှတ်ထားပြီး ဝေဖန်သင့်ပါတယ်။” အထူးသဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၈ လတာမှာ မြန်မာ စစ်တပ်နဲ့စစ်ရေး၊ စီးပွားရေးဆက်ဆံမှုတွေတိုးတက်လာနေပြီး၊ တရုတ်နိုင်ငံကလည်း မြန်မာ စစ်ကောင်စီနဲ့ပတ်သက်လို့ ပြတ်သားတဲ့ အနေအထားမတွေ့ရသေးပါဘူး။ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်းမြန်မာနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်နေရာမှာ ဆက်လက်ထားရှိဖို့ တောင်းဆိုတိုက်တွန်းနေကြပါတယ်။ ဒါပေမဲ့လည်း အခုကျင်းပနေတဲ့ အထွေထွေညီလာခံမှာကျယ်ကျယ်ပြန့်ပြန့်ပြောဆို ဆွေးနွေးနေကြတာက၊ ကွယ်လွန်သွားတဲ့ ဗြိတိသျှဘုရင်မကြီး အဲလိဇဘက်အကြောင်း၊ ယူကရိန်း ကျူးကျော်စစ်ပွဲ၊ ယီမင်ဆီးရီးယားနဲ့ အီသီယိုးပီးယားနိုင်ငံတွေက စစ်ရေးပဋိပက္ခအကြောင်းတွေအပြင် ကမ္ဘာတစ်ဝန်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲတဲ့ကိစ္စတွေဖြစ်ပြီး၊ ဒီအကြောင်းတွေပဲ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဦးစားပေးဖော်ပြတာတွေ့ရပါတယ်။ Credit: RFA

Comments