စစ်ခေါင်းဆောင်သည် ပြည်နယ်သတ်မှတ်ရေးနှင့်ပတ်သက်၍ ထူးထူးခြားခြား ပြောဆိုခဲ့ခြင်းမရှိဟု “ ဝ” တာဝန်ရှိသူပြောကြား
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် "ဝ" ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တာဝန်ရှိသူများ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
UWSA အဖွဲ့တွင် ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးလော့ယာကု၊ NDAA အဖွဲ့တွင် ဒုဥက္ကဋ္ဌ ဦးစန်ပေ့နှင့် SSPP အဖွဲ့တွင် ဒုဥက္ကဋ္ဌ -၂ စပ်ခွန်ဆိုင် တို့က ဦးဆောင်၍ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွေ့ဆုံပွဲတွင်လည်း စစ်ကောင်စီအနေဖြင့် ထူးထူးခြားခြား ပြေားဆိုခဲ့ခြင်းမရှိကြောင်း တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် UWSA လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းထံက သိရသည်။
“ကျွန်တော်တို့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ စုပြီးတွေ့ ကြတာပေါ့။ ထွေထွေထူးထူး ဆွေးနွေးတာတော့မရှိပါဘူး။ အဓိကကတော့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အကြောင်း အရာ တွေပါပဲ” ဟု ဦးညီရန်းက မဇ္ဈိမ ကိုပြောသည်။
“ဝ” ပြည်နယ်သတ်မှတ်ရေးနှင့်ပတ်သက်၍ မူအားဖြင့် သဘောတူညီကြောင်းကို ပြီးခဲ့သည့် ပထမအကြိမ်ဆွေးနွေးစဉ်ကတည်းက စစ်ကောင်စီက ပြောကြားခဲ့ပြီး ဖြစ်သည်။
“ပြီးတဲ့ တစ်ခေါက်ကလည်း သူတို့(စစ်ကောင်စီ)အနေနဲ့ မူအားဖြင့်သဘောတူတယ်ဆို တဲ့ စကားရပ်ကို ကြားရတာ အားလုံးအသိပါပဲ” ဟု ဦးညီရန်းက ပြောသည်
“ဝ” ပြည်နယ်သတ်မှတ်ရေးသည် UWSA ၏ မပြောင်းလဲသော နိုင်ငံရေး ရည်မှန်းချက်ဖြစ်ကြောင်း ဦးညီရန်းကဆိုသည်။
ပြီးခဲ့သည် တစ်ခေါက်က စစ်ကောင်စီနှင့် “ဝ” အဖွဲ့နှင့် ဆွေးနွေးခဲ့ရာတွင် စစ်ကောင်စီဘက်က ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောတူခဲ့ ကြောင်း ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြခဲ့သည်။
စစ်ကောင်စီ ဥက္ကဋ္ဌ ပြောသည့် “ဝ” ပြည်နယ်ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိခဲ့ဘဲ ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများကို သာဆွေးနွေးခဲ့ကြောင်း “ဝ”တာဝန်ရှိသူကဖြေကြားခဲ့သည်။
ယနေ့ စကာင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တာဝန်ရှိသူများ သို့ မဇ္ဈိအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
စစ်ကောင်စီသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စတင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ထပ်မံတွေ့ဆုံခြင်း ဖြစ်သည်။
"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)သည် စစ်ကောင်စီနှင့် ယခုဆွေးနွေးမှုမတိုင်မီ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက “ဝ” ထိန်းချုပ်ဒေသဖြစ်သည့် ပန်ဆန်းမြို့တွင် မြောက်ပိုင်းမဟာမိတ် (FPNCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် "ဝ"ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ၊ မိုင်းလား-အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကိုးကန့်-မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော် (SSPP / SSAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် တအာန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တွေ့ဆုံခဲ့ကြသည်။
စာတည်း။ ။မောင်ကောင်း
#စစ်ကောင်စီဥက္ကဋ္ဌ
#UWSA
#ဝပြည်နယ်သက်မှတ်ရေး

Comments
Post a Comment