မွတ်စ်လင်မ်လွတ်မြောက်ရေးတပ်ဦး

▪️ဘာလဲ၊ ဘယ်လဲ

ပြည်သူ့လွတ်မြောက်ရေးမွတ်စ်လင်မ်တပ်ဦးသည် လွတ်မြောက်ရေးအတွက် ချမှတ်သည့် နိုင်ငံရေးလမ်းပြမြေပုံများ၊ မူဝါဒများအား လမ်းစဉ် ၃ ရပ်ဖြစ်သည့် နိုင်ငံရေးလမ်းစဉ်၊ စည်းရုံးရေးလမ်းစဉ်၊ လက်နက်ကိုင်လမ်းစဉ်တို့ဖြင့် တော်လှန်ဖော်ဆောင်မည်ဖြစ်သည်။

လွတ်မြောက်ရေးဆိုသည်မှာ မွတ်စ်လင်မ်လူထုအတွက်သက်သက်မဟုတ် တနိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်သည်။

လက်နက်ကိုင်လမ်းစဉ်ကို ပြည်သူ့လွတ်မြောက်ရေးမွတ်စ်လင်မ်တပ်ဦး (PLMF) အနေဖြင့် EAO ‌တခုအပါအ၀င် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး အခြားသော နိုင်ငံရေး၊ စည်းရုံးရေး စုဖွဲ့မှုများအား နောက်ပိုင်းတွင် အသိပေးဖော်ပြသွားမည်။

တပ်ဦးအနေဖြင့်အာဏာရှင်စနစ်အပြီးတိုင်ချူပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ လူမျိုးကြီးဝါဒဆန့်ကျင်ရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးနှင့် လူမှုတရားမျှတမှုရရှိရေး တို့အတွက် ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်သည်။

ခေတ်အဆက်ဆက် တည်ရှိခဲ့သော လူမျိုးကြီးဝါဒအပါအ၀င် မှားယွင်းနေသော ဖိနှိပ်မှု အတွေးအခေါ်များအား ဆန့်ကျင်လျှက် ခိုင်မာအားကောင်းသော လက်နက်ကိုင်နည်းဖြင့် စစ်အုပ်စုအားဆန့်ကျင်ရင်း မွတ်စ်လင်မ်လူထုနှင့် အဖိနှိပ်ခံလူထုလွတ်မြောက် ရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်သည်။

မိမိတို့ အဓိပ္ပာယ်ဖွင့်ဆိုသော မွတ်စ်လင်မ်လူထုသည် ကမ်းရိုးတန်း၊ ပြည်မနှင့် တောင်တန်းဒေသ လူမျိုးစုအသီးသီးမှ အစ္စလာမ်ဘာသာဝင်များအား ရည်ရွယ်သည်။ မိမိတို့အနေဖြင့် ခေတ်အဆက် ဆက် စစ်တပ်၏ မွတ်စ်လင်မ်များအပေါ် ဦးတည် ဖိနှိပ်ခွဲခြားမှုများကြောင့် ယခုကဲ့သို့ မိမိတို့၏ ဝိသေသလက္ခဏာတရပ်ဖြစ်သည့် မွတ်စ်လင်မ်ဖြစ်တည်မှုအား ကိုင်စွဲတိုက်ပွဲဝင်ရခြင်းဖြစ်သည်။

ရန်သူစစ်တပ်အနေဖြင့် ဘာသာရေး ပဋိပက္ခများ ပေါ်ပေါက်ရန်ကြိုးပမ်းမှုများ၊ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်နေသူများအကြားသွေးခွဲလှုံ့ဆော်မှုများပြုလုပ်နေသည့် အခြေအနေတွင် လူမျိုးစုအသီးသီးမှ အစ္စလာမ်ဘာသာဝင်တို့အနေဖြင့် ယခု လူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲနေသော တော်လှန်ရေးတွင် တက်ကြွစွာပါဝင်လာရန်နှင့် စစ်အာဏာရှင် စနစ်အပါအ၀င် ဖိနှိပ်နေသောယန္တရားမှန်သမျှအား ဖြိုဖျက်ရန်အတွက်ဖြစ်သည်။

နိုင်ငံအချို့၊ မီဒီယာအချို့နှင့် အမျိုးသားအစွန်း ရောက်များသည် မွတ်စ်လင်မ်တို့အား အကြမ်းဖက် သမားများအဖြစ် ပုံဖော်ခြင်းသည် မှားယွင်းကြောင်းကို ယခုကဲ့သို့ ဓမ္မဘက်ရပ်တည်တိုက်ပွဲဝင်ရင်း သက်သေပြမည်ဖြစ်သည်။

နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးမျှော်မှန်းချက်များ

အကောင်အထည်ပေါ်ပေါက်ရေးအတွက် ချမှတ်ထားသော နိုင်ငံရေးလမ်းပြမြေပုံ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်၊ မူဝါဒများနှင့် လွတ်မြောက်ရေးအလံတော်အား သစ္စာမပျက်သယ်ပိုးမည့် အဖွဲ့အစည်းများ၊ လူများဖြင့် ဆက်လက် တိုးချဲ့ ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်းကတိပြုကြောင်း လူထုတရပ်လုံးထံသို့ အသိပေးလိုက်သည်။

လူသားဆန်မှု အခြေပြု

လွတ်မြောက်ရေးအတွက် အတူစု

ပြည်သူ့လွတ်မြောက်ရေးမွတ်စ်လင်မ်တပ်ဦး People Liberation Muslim Front (PLMF)

Comments