မွန်ပြည်သစ်ပါတီနှင့် စစ်ခေါင်းဆောင်တို့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေး



ဧရာဝတီ ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၂

မွန်ပြည်သစ်ပါတီ (NMSP) ဒု ဥက္ကဋ္ဌ နိုင်အောင်မင်း ဦး ဆောင်သည့်အဖွဲ့နှင့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ် မှူးကြီး မင်းအောင်လှိုင်တို့သည် ယနေ့တွင် နေပြည်တော် ၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးနေကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် စစ်ခေါင်းဆောင်နှင့် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာလ ၁၂ ရက်၌ ဆွေး နွေးမည် ဖြစ်သည်။

စစ်ခေါင်းဆောင်၏ ဖိတ်ကြားချက်အရ NMSP ကိုယ်စား လှယ်အဖွဲ့သည်၂၀၂၂ ခုနှစ်၊ မေလ၂၃ ရက်မှ ၂၅ ရက်အထိ နေပြည်တော်တွင် ပထမအကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ကြိုး ပမ်းကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ထား သည်။

စစ်ကောင်စီက ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၎င်းတို့ တရားဝင်ဖြစ်ရေးနှင့် နိုင်ငံရေး ထွက်ပေါက်ရှာရန်သာဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်းများ ထပ်မလုပ်ရန် မွမွန်အဖွဲ့အစည်း ၁၀ ဖွဲ့မှ စက်တင်ဘာ ၁၆ ရက်တွင် အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားသည့်ကြားမှ NMSP သည် နေပြည်တော်သို့ ထပ်မံ သွားရောက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ကလည်း စစ်ကောင်စီနှင့် လက်တွဲပြီးဌာနေ ပြည်သူ့စစ်အဖြစ် ပူးပေါင်းကာ မွန်ပြည်နယ်အတွင်း အကြမ်းဖက်မှုအန္တရာယ်ကို ကာကွယ်ရန် ဌာနေ ပြည်သူ့စစ်အဖြစ် အပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့မှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နှင့်အတူ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ လက်နက်ချခဲ့သည့် အဖွဲ့ဖြစ်ပြီး လက်ရှိတွင် စစ်ဦးစီးချုပ်အဖြစ် နိုင်အောင်ထွန်းက တာဝန်ယူထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များကို ဖိတ်ကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်လျက်ရှိသလို ပြီးခဲ့သည့် မေလ၊ သြဂုတ်လတို့တွင်လည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တွေ့ဆုံခဲ့ကြသလို၊ စက်တင်ဘာ ၂၆ ရက်တွင်လည်း ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/ မိုင်းလား) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တို့နှင့် တွေ့ဆုံခဲ့ကြသေးသည်။

ပုံစာ - စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည် တော်သို့ ရောက်ရှိလာသည့် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့

#WhatsHappeningInMyanmar #RejectMilitaryCoup

Comments