စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) ၏ ထိပ်ပိုင်း ခေါင်းဆောင်များအဖြစ် စစ်တပ်မှ မကြာသေး ခင်အချိန်က အငြိမ်းစား ယူခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုး တို့ ပါဝင် လာကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သူ ဦးမောင်မြင့်(မင်းကင်း)က စစ်ဗိုလ်ချုပ်များ ပါဝင်သည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ငြင်းဆိုခြင်း မရှိသော်လည်း အောက်တိုဘာ ၅ ရက်နေ့ အစည်းအဝေး၌ ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးနှင့် ပါတီ ဗဟို အလုပ်အမှုဆောင်များအား ရွေးချယ်အတည်ပြုခြင်း ဆောင်ရွက် မည် ဖြစ်ကြောင်း ပြောသည်။

၎င်းက “ဒီနေ့ ညီလာခံမှာတော့ သူတို့ကို မတွေ့ပါဘူး။ မနက်ဖြန်တော့ မသိဘူးပေါ့။ မနက်ဖြန်ကျမှ အတည်ပြုရမှာ ပေါ့။ မနက်ဖြန် အဖြေ ပေါ်မှာပဲ၊ အခုကတော့ ဘယ်ဟာမှ မသေချာဘူး” ဟု ပြောသည်။

စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ၏ တတိယအကြိမ် ညီလာခံကို ယနေ့မှစ၍ အောက်တိုဘာ ၆ ရက်ထိ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ကျင်းပမည် ဖြစ်သည်။

ညီလာခံ ပထမနေ့ ဖြစ်သည့် ယနေ့တွင် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသန်းဌေးက ပါတီ၌ ပြန်လည် အဆိုပြု ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း ကြေညာခဲ့သည့်အတွက် ပါတီ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခင်ရီမှာ ဥက္ကဋ္ဌ အသစ် ဖြစ် လာမည်မှာ သေချာသလောက်ပင် ရှိနေသည်။

ယင်းပြင် ပါတီ ခေါင်းဆောင်ပိုင်းတွင် ပါဝင်လာသည်ဟု သတင်းထွက်နေသည့် ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် ဒုဗိုလ် ချုပ် ကြီးအောင်စိုးတို့မှာလည်း မကြာသေးမီအချိန်က စစ်တပ်မှ အငြိမ်းစားယူခဲ့ကြကြောင်းလည်း သိရသည်။

ပါတီမှ နုတ်ထွက် အနားယူခြင်းနှင့် ပတ်သက်ပြီး ဦးသန်းဌေးက “ရွေးကောက်ပွဲကို နိုင်အောင် ဦးမဆောင်နိုင်ခဲ့ခြင်း သည် မိမိ၌ တာဝန်ရှိသည်ဟု ခံယူခြင်း၊ ပါတီဝင် ၂ ထောင်ကျော် အသတ်ခံရခြင်းအတွက် ထိရောက်သော အကာ အကွယ် မပေးနိုင်ခြင်းသည် မိမိ၌ တာဝန်ရှိသည်ဟု မှတ်ယူခြင်း၊ ၇ နှစ်ကြာ ခံစားလာရသော ခါးနာဝေဒနာအား ခွဲစိတ် ကုသခဲ့ပြီး ၆ လအတွင်း လှုပ်ရှားမှု ကန့်သတ်ချက်အရ လာမည့် ရွေးကောက်ပွဲတွင် နင်လားငါလား ခရီးကြမ်း မထွက် နိုင်တော့၍ အနားယူတော့မည် ဟု ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ပြီး မိမိအား အွန်လိုင်းမှ တိုက်ခိုက်နေမှုများ ကြောင့် နုတ်ထွက်ခဲ့ခြင်း မဟုတ်ကြောင်း” ယနေ့ ညီလာခံ အဖွင့်မိန့်ခွန်း၌ ပြောခဲ့သည်။

ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးသန်းဌေး အနေဖြင့် ကျန်းမာရေးကြောင့် ဟုဆိုသော်လည်း နောက်ကွယ်တွင် ယခုထက်ပိုမို သည့် ကိစ္စရပ်များရှိနေပြီး ပါတီ ရန်ပုံငွေများ အလွဲသုံးစား လုပ်သည်ဟု စွပ်စွဲမှုများနှင့် ပါတီတွင် စစ်တပ်မှ အငြိမ်းစား များအား ပါဝင်မှုအပေါ် ကန့်သတ်ရန် ကြိုးပမ်းခြင်းများကြောင့် စစ်တပ်ဘက်က အငြှိုးထားခြင်းများလည်း ရှိနိုင် ကြောင်း လေ့လာသူ အချို့က သုံးသပ်ပြောဆိုကြသည်။

ကြံ့ခိုင်ရေးပါတီ၏ တတိယအကြိမ် ညီလာခံ ကျင်းပနေစဉ် (ဓာတ်ပုံ- USDP) ယခု ကျင်းပသည့် ပါတီ ညီလာခံ မတိုင်မီက ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးမောင်မြင့်က ဦးသန်းဌေး၏ ပါတီ ဦးဆောင်နိုင်မှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည့်အပြင် ပါတီ ကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံး လုပ်နည်းများ စာအုပ်တွင် ပါတီ ဗဟိုအလုပ်အမှုဆောင်ရွေးချယ်ရာ၌ အငြိမ်းစားဝန်ကြီး၊ ဒုဝန်ကြီးများ၊ စစ်မှုထမ်းများ ပါဝင်မှု အချိုးအစားကို၂၅ ရာခိုင်နှုန်းထက် မပိုစေဘဲ အသိပညာရှင်၊ အတတ်ပညာရှင် အချိုးအစား ပိုမိုထည့်သွင်း ရွေး ချယ်ရမည်ဟု ထည့်သွင်းထားခြင်းနှင့် ပတ်သက်ပြီးလည်း လူသိရှင်ကြား ဝေဖန်ခဲ့သည်။

ဦးမောင်မြင့်က “ဒါက ပါတီထဲမှာ မရှိတဲ့ ဘောင်းဘီဝတ်၊ ဘောင်းဘီချွတ် ပြဿနာကို မလိုအပ်ဘဲနဲ့ သွားပြီးတော့မှ ဒီ Issue ကို အစ ဆွဲထုတ်တာပေါ့။ အပြင်းအထန် ကန့်ကွက် ဆွေးနွေးခဲ့လို့ နောက်ပိုင်း ထုတ်တဲ့စာအုပ်မှာတော့ မပါတော့ဘူး လို့လည်း ပြောခဲ့တယ်။ ဒါဆိုရင် တပ်မတော်နဲ့ ဘယ်လိုလုပ် တည့်တော့မှာလဲ။ တပ်မတော်သားတွေရဲ့ ပါဝင်မှုကို ကန့်သတ်လိုက်ပြီလေ။ အဲဒါမျိုးကို ကျနော်တို့က မဖြစ်စေချင်ဘူး။ မှားယွင်းတဲ့ ခေါင်းဆောင်မှုလို့ ပြောချင် တာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပါတီ ဥက္ကဋ္ဌသစ်အဖြစ် ရေပန်းစားနေသူ ဦးခင်ရီသည် အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်မှ စစ်ကောင်စီက ဝန်ကြီးအဖြစ်မှ ထုတ် ပယ်ခဲ့သူ ဖြစ်သည်။

DSA အပတ်စဉ်၂၈ ဆင်း ဒုဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းသည် စစ်ကောင်စီတပ်တွင် စစ်ရေးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် ရာထူးတာဝန်များ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ပြည်ထဲရေး ဒုဝန်ကြီးဟောင်းဖြစ်သူ DSA အပတ်စဉ် ၂၆ ဆင်း ဒု ဗိုလ်ချုပ်ကြီး အောင်စိုးမှာမူ အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအား ဦးဆောင် ကွပ်ကဲခဲ့သူ ဖြစ်သည်။

ယနေ့ ကျင်းပသည့် ပါတီ ညီလာခံသို့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ ဗဟို အတိုင်ပင်ခံများ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ အရန် ဗဟိုကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ သီးခြား ဖိတ်ကြားထားသူ စုစုပေါင်း ၇၂၈ ဦး ရှိသည့်အနက် တက်ရောက်ခဲ့သူ ၆၁၄ ဦး ရှိခဲ့ကြောင်း ကြံ့ခိုင်ရေး ပါတီက ထုတ်ပြန်ထားသည်။

Comments